"နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ"

ဗုဒ္ဓံ

product

ဓမ္မံ

product

သံဃံ

product




ဗုဒ္ဓဘာသာဝင်တို့ အမြဲကျင့်သုံးရမည့် ကိုယ်ကျင့်တရားမှာ ငါးပါးသီလဖြစ်သည်။ ယင်းငါးပါး သီလကို အမြဲကျင့်သုံးလာစေရေးအတွက် ဗုဒ္ဓဘာသာနိုင်ငံများရှိ ဘာသာရေးအခမ်းအနားတိုင်းတွင် ယင်းကို ပင်မဦးစားပေးအစီအစဉ်အဖြစ် ထည့်သွင်းထားကြသည်။ ယင်းသို့ထည့်သွင်းထားခြင်းမှာ ယင်းကို မမေ့မပျောက်ဘဲ အမြဲလိုက်နာနေစေရန် နှိုးဆော်ခြင်းပုံစံတစ်မျိုးဟုလည်း ယူဆနိုင်သည်။ သို့တည်းမဟုတ် လူ့အသိုက်အ၀န်း ငြိမ်းချမ်းသာယာဟန်ချက်ညီရေး ဦးတည်ချက်ဖြင့် ယင်းကို ဗုဒ္ဓဘာသာဝင်တို့၏ နေ့စဉ်ဘ၀ထဲသို့ ထဲထဲဝင်ဝင် ရောက်စေရေးအတွက် တွန်းအားတစ်မျိုး ဟုလည်း ဆိုနိုင်လေသည်။
ဤနေရာ၌ မှတ်တမ်းတင်ရမည်မှာ ငါးပါးသီလခံယူပုံကို အခြားလိုအပ်မည့်အချက်များနှင့် ပေါင်းစပ်၍ ဦးဆောင်ဆရာတော်နှင့် ယင်း၏လူဝတ်ကြောင်ဒကာ၊ ဒကာမများ အပြန်အလှန် ရွတ်ဆို နိုင်မည့် ပါဠိပုံသေနည်းတစ်ခုအဖြစ် ရှေးရှေးဆရာတော်ကြီးများက ဖန်တီးထားခြင်းပင် ဖြစ်သည်။ ယင်းသို့ဖန်တီးရာတွင် ပါဠိတော်၊ အဋ္ဌကထာများတွင်ပါရှိသည့် ငါးပါးသီလနှင့် သရဏဂုံပါဠိတို့ကို မူသေယူ၍ အခြားလိုအပ်သော သီလတောင်းအပိုဒ်ကို ပါဠိစာသား၊ ကန်တော့ချိုးအပိုဒ်ကို ဒေသသုံး စာသားများဖြင့် အစီအစဉ်တကျထည့်သွင်းဖြင်းပင် ဖြစ်သည်။ ယင်းပုံစံကို အကြမ်းဖျဉ်းပြရလျှင် ကန်တော့ချိုး (ဒေသသုံးဘာသာစကား) + သရဏဂုံနှင့်သီလတောင်း (ပါဠိစာသား) + သရဏဂုံယူ (မူလရှိပြီး) + ငါးပါးသီလခံယူ (မူလရှိပြီး) ဟူ၍ ဖြစ်သည်။ အထက်ပါအချက်အလက်များ၌ ဗုဒ္ဓဘာသာတို့ နေ့စဉ်ကျင့်သုံးရမည့် ငါးပါးသီလနှင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ်ခံယူခြင်းဟု ဆိုနိုင်မည့် သရဏဂုံ ဆောက်တည်ခြင်းကို ထက်အောက်ထည့်သွင်းထားခြင်းမှာ များစွာအဓိပ္ပါယ် ရှိလှပေသည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင်အဖြစ် (သရဏဂုံ) ခံယူပြီး အခြေခံလူ့ကျင့်ဝတ် (ငါးပါးသီလ) ကို ကျင့်သုံးခြင်းဆိုသည့် သဘောပင်ဖြစ်သည်။ ယင်းသို့အဓိပ္ပါယ်ရှိလှသော အပိုဒ်များတွင် ရဟန်းတော်နှင့် လူဝတ်ကြောင်များ အခမ်းအနားအသွင် ရွတ်ဖတ်နိုင်စေရန် သရဏဂုံ၊ သီလတောင်းစာပိုဒ်နှင့် ကန်တော့ချိုးအပိုဒ်ကို ထပ်ဆောင်း ထည့်သွင်းလိုက်သောအခါ အဓိပ္ပါယ်ရှိသော အခမ်းအနားသုံးပုံသေနည်းတစ်ခုကို ရလာသည်။ ထို့နောက်ပို၍ပုံစံကျလာစေရန် ရဟန်းတော်နှင့် လူဝတ်ကြောင် ဒကာ၊ ဒကာမတို့၏ အဖွင့်အပိတ်စာသားလေး (တိသရဏဂမနံ ပရိပုဏ္ဏံ။ အာမဘန္တေ စသည်) များကို ထည့်လိုက်သောအခါ ပို၍အချိတ်အချက် မိလာတော့သည်။ သို့ဖြစ်၍ ယင်းသို့ အဓိပ္ပါယ်ရှိ၊ အချိတ်အချက်မိသော ပုံသေနည်းတစ်ခုကို ဖန်တီးခဲ့သော ရှေးဆရာတော်ကြီးများကို ဦးခိုက် မှတ်တမ်းတင်ရခြင်းဖြစ်သည်။
အမှန်အားဖြင့်ဆိုလျှင် ပါဠိတော်များတွင် သရဏဂုံဆောက်တည်ခြင်းကို ယခုခေတ် ရွတ်ဆိုနေသည့်ပုံစံနှင့် တူညီသည့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (ဂတော၊ ဂတာ၊ ဂတံ) စသည့်ပုံစံဖြင့် တွေ့ရသော်လည်း အထူးသဖြင့်တွေ့ရသည်မှာ သုတ္တန်များ၏အဆုံးတွင် တစ်ဦးတစ်ယောက်က မြတ်ဗုဒ္ဓနှင့် တွေ့ဆုံပြီးနောက် မြတ်ဗုဒ္ဓ၏ဟောကြားချက်များကို သဘောကျနှစ်ခြိုက်ပြီး ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ်ခံယူပါကြောင်း ၀န်ခံလျှောက်ထားသည့်အနေဖြင့် ဘ၀န္တံ ဂေါတမံ သို့မဟုတ် ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဟူ၍ ရွတ်ဆိုသော ပုံစံမျိုးဖြစ်လေသည်။ သီလဆောက်တည်ခြင်းကိုလည်း ပါဠိ၊ အဋ္ဌကထာများတွင် တစ်ခုချင်းရွတ်ဆိုဆောက်တည်ခြင်းထက် အပေါင်းအစုအနေဖြင့် ပဉ္စသီလံ (ပဉ္စသီလာနိ၊ ပဉ္စသီလေန၊ ပဉ္စသီလေ) ရက္ခေယျ (သမာဒါယ၊ အဒါသိ၊ ဂဏှ၊ သမန္နာဂတော၊ ပတိဋ္ဌပိ) စသည်ဖြင့် တွေ့ရလေသည်။ သို့ဖြစ်၍ ဤနေရာ၌မေးနိုင်သည်မှာ ပါဠိ၊ အဋ္ဌကထာတွင်ပါရှိသည့် သရဏဂုံနှင့် ငါးပါးသီလကို အရင်းတည်၍ လိုအပ်သောအချက်အလက်များကို မည်သည့်အချိန်က ထပ်ဆောင်းထည့်သွင်းခဲ့သနည်း ဟူသော မေးခွန်းမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။ ထေရ၀ါဒထိပ်တန်းနိုင်ငံများရှိ ငါးပါးသီလခံယူ ဆောက်တည်ရာ၌ ရွတ်ဆိုသည့်ပုံစံများကိုကြည့်၍ ယင်းအစဉ်အလာမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ကြောင်းခန့်မှန်းနိုင်သည်။  အကြောင်းမှာ သက်ဆိုင်ရာနိုင်ငံအလိုက် စီစဉ်ထားသည့် သရဏဂုံနှင့် သီလတောင်းပါဠိစာပိုဒ်ပုံစံမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲနေသောကြောင့် ဖြစ်ပေသည်။ ဤအချက်ကို ထင်ရှားစေရန် နိုင်ငံအလိုက်သုံးစွဲနေသော သီလခံယူရာ၌ ရွတ်ဆိုသည့် ပုံသေနည်းစာပိုဒ်များကို နှိုင်းယှဉ်ကြည့်ကြပါစို့။
အထက်၌ဖေါ်ပြခဲ့သည့်အတိုင်း သီလခံယူရာ၌ရွတ်ဆိုသည့်စာပိုဒ်တွင် ကန်တော့ချိုး၊ သရဏဂုံနှင့် သီလတောင်း၊ သရဏဂုံယူ၊ သီလခံယူ ဟူသောအပိုင်းတို့ကို အဖွင့်အပိတ်စာသားများနှင့် ချိတ်ဆက်ပေါင်းစပ်ထားရာ တီထွင်ထားသည့် အထက်နှစ်ပိုင်းဖြစ်သော ကန်တော့ချိုးနှင့် သရဏဂုံနှင့် သီလတောင်းတွင် ကွဲလွဲမှုကို တွေ့ရမည်ဖြစ်ပါသည်။ ယင်းတို့အနက် မြန်မာတို့ကန်တော့ချိုးမှာ အများသိပြီးဖြစ်သည့်အတိုင်း သြကာသမှစ၍ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ဟူသောအပိုဒ်နှင့် ဤသို့ရှိခိုးရသောကောင်းမှုကြောင့် အပါယ်လေးပါးနိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရားဟူသော အပိုဒ်တို့ ပါဝင်လေသည်။ ယင်းတို့အနက် ပထမပိုဒ်မှာ အရိုအသေပေး၊ ရှိခိုးကန်တော့ခြင်းဖြစ်ပြီး ဒုတိယပိုဒ်မှာ ဆုတောင်းခြင်းဖြစ်၍ ရဟန်းတော်များရှေ့သီလခံယူရာ၌ ဒုတိယပိုဒ်ရွတ်ဆိုရန် လိုမည်မထင်ပေ။ အကြောင်းမှာ ရှိခိုး ကန်တော့ပြီးသည်နှင့် ရဟန်းတော်က ဆုတောင်းပေးမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ အကယ်၍ ဆုတောင်းအပိုဒ်ကို ဆက်၍ရွတ်ဆိုမည်ဆိုလျှင် ဆုတောင်းနှင့်ဆုပေးနှစ်မျိုးလုံသည် ပုံသေနည်းကျ တည်ဆောက်ထားသည့်အတွက် ၎င်းတို့တောင်းဆိုသောဆုနှင့် ရဟန်းတော်က ပေးသောဆုတို့ တိုက်ဆိုင်တူညီမှုရှိ၊ မရှိမှာ စဉ်းစားစရာပင် ဖြစ်လေသည်။ ဆိုလိုသည်မှာ လူဝတ်ကြောင်များက တောင်းသောဆုမှာ အပါယ်လေးပါး၊ ကပ်သုံးပါး စသည်မှ လွတ်မြောက်ရန် ဖြစ်သော်လည်း ရဟန်းတော်က ပေးသောဆုမှာ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလတို့နှင့် ပြည့်စုံနိုင်သည်ဖြစ်ကြပါစေဆိုသော အနေအထားမျိုးဖြစ်နေလျှင် တေ့လွဲဖြစ်နေမလားဟု စဉ်းစားမိခြင်းပင် ဖြစ်သည်။ သို့မဟုတ်ဘဲ ၎င်းတို့၏ အပါယ်လေးပါး၊ ကပ်သုံးပါး စသည်မှလွတ်မြောက်ပြီး နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရားဟူသော ဆုတောင်းကို ရဟန်းတော်၏သံယောင်တူတုံ့ပြန်မြွက်ဆိုသော ဣစ္ဆိတုံ ပတ္ထိတံ တုယှံ ခိပ္ပမေ၀ သမိဇ္ဈတု ဟူသော ဆုတောင်းမျိုးဖြစ်လျှင်ကား အစပ်အဟပ်ကိုက်ညီသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် ဆုတောင်း၊ ဆုပေးရာတွင် ကျန်အချက်များကွဲလွဲကောင်း ကွဲလွဲမည် ဖြစ်သော်လည်း အဓိကဆုတောင်းဖြစ်သည့် နိဗ္ဗာန်သို့လျင်မြန်စွာရောက်ပါစေဟူသော အချက်မှာမူ လုံးဝကွဲလွဲမည်မဟုတ်ဟူသောအချက်ကို ကိုင်စွဲထားလျှင်မူ ဒုတိယဆုတောင်းပိုဒ်ကို ရွတ်ဆိုရာ၌ အကြောင်းပြချက်တစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ သတိချပ်ရမည်မှာ ဤအပိုင်း၌ သက်ဆိုင်ရာနိုင်ငံအလိုက် ဒေသသုံးဘာသာစကားများဖြင့်သာ ရွတ်ဆိုလေ့ရှိခြင်းဟူသော အချက် ဖြစ်သည်။ သို့ရာတွင် ဆိုလိုချက်မှာအတူတူပင်ဖြစ်လေသည်။ နောက်တစ်ပိုင်းဖြစ်သည့် သရဏဂုံနှင့် သီလတောင်းအပိုင်း၌မူ ပါဠိစာပိုဒ်ကိုသုံးပုံချင်းတူသော်လည်း ကွဲလွဲမှုကို ဤသို့တွေ့ရသည်။

မြန်မာမူ။ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ (ဒုတိယမ္ပိ...…)

သီရိလင်္ကာမူ။ အဟံ ဘန္တေ တိသရဏေန သဒ္ဓိံ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ၊ အနုကမ္ပံ ဥပါဒါယ (ဒုတိယမ္ပိ…)

ထိုင်းမူ။ မယံ ဘန္တေ ၀ိသုံ ၀ိသုံ ရက္ခဏတ္ထာယ တိသရဏေန သဟ ပဉ္စသီလာနိ ယာစာမ (ဒုတိယမ္ပိ…)
အထက်ပါပုံစံများတွင် သဟ နှင့် သဒ္ဓိံအသုံး၊ သီရိလင်္ကာမူတွင် အနုကမ္ပံ ဥပါဒါယပုဒ် ထပ်ဆောင်းခြင်း၊ ထိုင်းမူတွင် ကျန်နှစ်မူနှင့် သိသိသာသာကွဲလွဲလျက် ကြိယာအနေဖြင့် ယာစာမ တစ်ပုဒ်သာ ပါခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။ ဤနေရာ၌အနည်းငယ်စီစစ်ရလျှင် အထက်နှစ်မူတွင် အဟံ ပဉ္စသီလံ ယာစာမိ၊ (တုမှေ) သီလံ ဒေထ ဟု ကြိယာနှစ်လုံး၊ ထိုင်းမူတွင် မယံ ပဉ္စသီလာနိ ယာစာမ ဟု ကြိယာတစ်လုံးသာပါရှိရာ အဘယ့်ကြောင့် ဒေထဟူသော ကြိယာအပိုင်းမထည့်သည်မှာ စဉ်းစားစရာဖြစ်စေသည်။ ဇာတ်အဋ္ဌကထာ-၅တွင် သမ္မ၊ သီလေ ဌိတဿ မရဏမ္ပိ ၀ရံ၊ ဂဏှာမိ၊ မဟာရာဇ၊ တယာ ဒိန္နံ ၀ရံ၊ အဇ္ဇ ပဋ္ဌာယ အရိယပထေ ပတိဋ္ဌိတောသိ၊ ဧ၀ံသန္တေပိ တံ ယာစာမိ၊ သစေ တေ မယိ သိနေဟော အတ္ထိ၊ ပဉ္စသီလာနိ ဂဏှ၊ မဟာရာဇာတိ၊ သာဓု၊ သမ္မ၊ ဒေဟိ မေ သီလာနတိ။ ဂဏှ မဟာရာဇာတိ ဟူသောအပိုဒ်၌် ကြိယာနှစ်ပုဒ်လုံးကို တွေ့ရပေသည်။ ထို့ပြင် စကားစပ်အရလည်း ရဟန်းတော်က သဂဏဂုံနှင့်ငါပါးသီလကို နှုတ်တိုက်ချပေးတော့မည်ဖြစ်ရာ သီလကိုပေးတော်မူပါဟု တောင်းဆိုသော (ဒေထ)အပိုဒ်ပါလျှင် ပို၍ယုတ္တိရှိမည်ဟု ယူဆမိပါသည်။
ကျန်သရဏဂုံဆောက်တည်သည့်အပိုင်းနှင့် ငါးပါးသီလဆောက်တည်သည့် အပိုင်းတွင်မူ ရွတ်ဆိုရမည့်ပါဠိစာသားမှာ အတူတူပင်ဖြစ်လေသည်။ သို့ရာတွင် ထူးခြားချက်အနေဖြင့် ရဟန်း တော်နှင့် လူဝတ်ကြောင်ဒကာ၊ ဒကာမများရွတ်ဆိုသည့် အဖွင့်အပိတ်စာသားများတွင် လူဒကာ၊ ဒကာမများရွတ်ဆိုသောစာသားမှာ အာမဘန္တေချည်းတူသော်လည်း ရဟန်းတော်များရွတ်ဆိုသည့် စာသားမှာမူ ဤကဲ့သို့ ကွဲလွဲလေသည်။

မြန်မာမူ။ သရဏဂမနံ ပရိပုဏ္ဏံ (သရဏဂုံအပြီး)
တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ (ငါးပါးသီလအပြီး)

(သီရိလင်္ကာမူ)။ သရဏဂမနံ ပရိပုဏ္ဏံ (သရဏဂုံအပြီး)
တိသရဏေန သဒ္ဓိံ ပဉ္စသီလံ ဓမ္မံ သာဓုကံ သုရက္ခိတံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ (ငါးပါးသီလအပြီး)

(ထိုင်းမူ)။ သရဏဂမနံ နိဋ္ဌိတံ (သရဏဂုံအပြီး)
ဣမာနိ ပဉ္စသိက္ခာပဒါနိ သီလေန သုဂတိံ ယန္တိ သီလေန ဘောဂသမ္ပဒါ သီလေန နိဗ္ဗုတိံ ယန္တိ တသ္မာ သီလံ ၀ိသောဓယေ (ငါးပါးသီလအပြီး)

အထက်ပါပုံစံများ၌ မြန်မာမူတွင် များသောအားဖြင့် ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု၊ ဣဒံ မေ သီလံ နိဗ္ဗာနဿ ပစ္စယော ဟောတု ဟူသောအပိုဒ်ကို ထည့်သွင်းတတ် ကြလေသည်။ ထို့ပြင် သီရိလင်္ကာမူနှင့် မြန်မာမူတူညီနေခြင်းမှာလည်း မြန်မာပြည်မှ သာသနာ ဆင့်ပွါးထားသော သီရိလင်္ကာရှိ ရာမည၊ အမရပူရနိကာယဂိုဏ်းများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်ပြီး အခြားဂိုဏ်းများတွင်မူ ပုံစံတစ်မျိုးဖြစ်နိုင်သည်ဟု ဆိုပါသည်။ ဤနေရာ၌ အနည်းငယ်စီစစ်ရလျှင် ထုံးစံအတိုင်း သဟနှင့် သဒ္ဓိံ အသုံး၊ သီရိလင်္ကာမူ၌ သုရက္ခိတံပုဒ် ထပ်ဆောင်းထည့်ထားခြင်းနှင့် ထိုင်းမူရှိ သိသိသာသာကွဲလွဲနေသော အနေအထားဖြစ်သည်။ အပ္ပမာဒေထ သမ္ပာဒေထ ပုဒ်နှင့် တသ္မာ သီလံ ၀ိသောဓယေ ပုဒ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ယင်းနှစ်ပုဒ်လုံးကို ပါဠိတော်များမှ ယူထားသည်ကို တွေ့ရသည်။ အပ္ပမာဒေန သမ္ပာဒေထပုဒ်မှာ လူသိများသောပုဒ်ဖြစ်ပြီး ယင်းကိုမဟာဝဂ္ဂပါဠိတော်တွင် ဟန္ဒဒါနိ ဘိက္ခဝေစသည်ဖြင့် တွေ့နိုင်သည်။ တသ္မာ သီလံ ၀ိသောဓယေ ပုဒ်ကို ပါဠိတော်အနေဖြင့် ထေရဂါထာတွင် အာဒိ သီလံ ပတိဋ္ဌာ စ၊ ကလျာဏဉ္စ မာတုကံ။ ပမုခံ သဗ္ဗဓမ္မာနံ တသ္မာ သီလံ ၀ိသောဓယေ စသည်ဖြင့် ဂါထာနှစ်ပုဒ်ကို တွေ့ရသည်။ ဤအချက်တို့ကိုထောက်ဆ၍ ပါဠိတော်ရှိပုဒ်များကို တစ်စွန်းတစ်စယူပြီး ဤနေရာနှင့်လိုက်ဖက်မည့် စာသားများနှင့် ပေါင်းစပ်၍ ပါဠိစီထားပုံရသည်။ အကြောင်းအရာတစ်ခုကို သရဏဂမန၊ ပဉ္စသီလတို့နှင်ချီလာပြီး နောက်ဆုံးအပုဒ်ကျမှ ထိုင်းမူတွင် ယင်းစကားလုံးတို့ကို မတွေ့ရသည့်အတွက် ယင်းမူတွင်သုံးသည့်အသုံးမှာ သီလနှင့်ပတ်သက်၍ခြုံငုံမိသော်လည်း ကျန်နှစ်မူတွင် သုံးသည့် အသုံးအနှုန်းထက် အနည်းငယ်အလှမ်းဝေးသကဲ့သို့ ထင်မိသည်။ သဟနှင့် သဒ္ဓိံပုဒ် ကွဲလွဲရာ၌မူ အသုံးအနှုန်းစသည့်ရှုထောင့်များမှ စီစစ်ရန်လိုပေသည်။ သဒ္ဒါသဘောအရ သဟပုဒ်ကိုသုံးစွဲရာ၌ သဟသဒ္ဒေန ယောဂေါ ကြိယာ ဂုဏ ဒဗ သမ၀ါယေ သမ္ဘ၀တိ (၂၉၆။ သဟာဒိယောဂေ ) ဟူသော လမ်းညွှန်းချက်ကိုထုတ်ပြပြီး ပြယုဂ်အဖြစ် ၀ိတက္ကေန သဟ ၀တ္တတိ (ကြိယာအတွက်) ပုတ္တေန သဟ ထူလော(ဂုဏအတွက်) အန္တေ၀ါသိကသဒ္ဓိဝိဟာရိကေဟိ သဟ အာစရိယုပဇ္ဈာယာနံ လာဘော(ဒဗ္ဗအတွက်) တို့ကို ထုတ်ပြထားသည်။ ဆိုလိုသည်မှာ သဟနှင့်တွဲသောပုဒ်တို့သည် ကြိယာ၊ ဂုဏ်၊ ဒြပ်သဘောတစ်ခုခုအားဖြင့် ညီတူညီမျှဆက်စပ်ပတ်သက်နေလေ့ရှိသည်ဟု ဆိုလိုသည်။ သို့ရာတွင် မောဂ္ဂလာန်တွင် ပုတ္တေန သဟ ဂတော၊ ပုတ္တေန သဒ္ဓိံ အာဂတော ဟူ၍ သဟနှင့်သဒ္ဓိံကို အပြန်အလှန်သုံးစွဲနိုင်သောသဘောမျိုး ထုတ်ပြထားသည်။ သို့ဖြစ်၍ ဤနေရာ၌ သဟနှင့်တွဲသော ပုဒ်ကို သာမက သဒ္ဓိံနှင့်တွဲသောပုံစံကိုပါ နှိုင်းယှဉ်ကြည့်ရန်လိုမည်ဖြစ်သည်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများတွင် ပုံစံများကို ဤသို့တွေ့နိုင်သည်။
ဝိတက္ကေန သဟ ၀တ္တတိ။ ၀ိတက္ကေန သဒ္ဓိံ သမ္ပယောဂေါ
ပုတ္တေန သဟ ထူလော။ ပုတ္တေန သဒ္ဓိံ ကန္တာရံ နိတ္ထရာဟိ။
အန္တေ၀ါသိကသဒ္ဓိဝိဟာရိကေဟိ သဟ သဒ္ဓိံ အတ္တနော အန္တေ၀ါသိကေဟိ
အထက်ပါပုံစံများကိုကြည့်လျှင် အပြန်အလှန်သဘောသုံးစွဲထားသည်ကို တွေ့မည်ဖြစ်သည်။ သို့ရာတွင် သဒ္ဒါအဆိုကိုထောက်ဆ၍ ကောက်ချက်ချကြည့်လျှင် ဒြပ်၊ ဂုဏ်၊ ကြိယာသဘောအရ နက်နက်ရှိုင်းရှိုင်း(ထပ်တူထပ်မျှ) ပတ်သက်နေလျှင် သဟကိုသုံးပြီး သာမန်သဘောမျှသာ ပတ်သက်လျှင် သဒ္ဓိံကို သုံးသည်ဟု ယေဘုယျပြောနိုင်သည်။ ဤအမြင်ဖြင့်ကြည့်လျှင် အောက်ပါ ၀ါကျများတွင် သဟနှင် သဒ္ဓိံ အဓိပ္ပါယ် ကွဲလွဲသည်ဟုပြောနိုင်သည်။ သို့ရာတွင် အနက်အဓိပ္ပါယ်အရ အမှန်တကယ် ကွဲလွဲပါသလောဟု စောကြောစရာ ဖြစ်လာသည်။
ဘဂ၀ါအဒ္ဓါနမဂ္ဂပ္ပဋိပန္နော ဟောတိ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ။
သတ္ထာ တံ အနုကမ္ပန္တော သဟ ဘိက္ခုသံဃေန နာဝံ အဘိရုဟိ။
တနည်းအားဖြင့် အသုံးတွင်ကျယ်မှုနှင့် ပါဠိတော်၊ အဋ္ဌကထာသုံးစသည်ဖြင့်လည်း စီစစ်ရန်လိုမည်ဖြစ်သည်။ ဘိက္ခုသံဃေန သဒ္ဓိံ မှာ ပါဠိတော်သုံးအနေဖြင့် အင်မတန်အသုံးတွင် ကျယ်ပြီး သဟ မှာ အဋ္ဌကထာ၌သာ တွေ့ရသည်။ ယင်းစီစစ်ချက်မှာ ဆဋ္ဌသင်္ဂီတိကိုအခြေခံသော စီစစ်ချက်မျှသာ ဖြစ်သည့်အတွက် အခြားမူများတွင် မည်သို့ရှိ၊ မရှိ စီစစ်ရန်လိုဦးမည်ဖြစ်သည်။ အကယ်၍ ယင်းမူတို့၌ ဘိက္ခုသံဃေနနှင့် သဟ ကျယ်ကျယ်ပြန့်ပြန့်ရှိလျှင် ကိုယ်ပိုင်ဟန် (traditional tendency) ဟု ယူဆရန်ရှိသည်။ ဥပမာ အရှေ့တောင်အာရှမူများ၌ ဗျ- ဟု ရှိပြီး သီရိလင်္ကာမူ၌ ၀ျ- ဟု ရှိသကဲ့သို့ ဖြစ်သည်။
ဤနေရာ၌ တိသရဏေန သဟနှင့် သဒ္ဓိံ ကို စီစစ်မည်ဆိုလျှင် အထက်ပါအချက်များဖြစ်သည် ပါဠိတော်နှင့်အဋ္ဌကထာများ၌တွေ့ရသည့် သဟနှင်သဒ္ဓိံအသုံး၊ သဒ္ဒါအရ ကြိယာ၊ ဂုဏ၊ ဒဗ္ဗ သမ၀ါယဖြစ်နိုင်၊ မဖြစ်နိုင် စသည်တို့ကို စဉ်းစားရပါမည်။ ထို့ပြင် ပုံစံအထောက်အထားများအရ သဒ္ဓိံနှင့်သဟကို အပြန်အလှန်သုံးနိုင်၊ မသုံးနိုင်၊ အကယ်၍သုံးခဲ့သော် အနက်အဓိပ္ပါယ်အရ ကွဲလွဲမှုရှိ၊ မရှိ၊ နိုင်ငံအလိုက်ပုံနှိပ်မူများတွင် သဒ္ဓိံအသုံးရှိသည့်နေရာများ၌ သဟကို တစ်စိုက်မတ်မတ် သုံးနှုံးခြင်းရှိ၊ မရှိ စသည့်အချက်များကိုပါ ထည့်သွင်းတွက်ချက်လျှင် အမှန်နှင့်အနီးစပ်ဆုံးဖြစ်မည်ဟု သုံးသပ်မိပါသတည်း။